ပေါင် ဇူလိုင် ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လောင်းကစားမှုပပျောက်ရေး၊မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်စိုးသန်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေမိုးနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က လောင်းကစားမှုနှင့်ပတ်သက်သည့် ဥပဒေရေးရာသိကောင်းစရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်စိုးသန်းက ရပ်ကွက်/ကျေးရွာများအတွင်း လောင်းကစားမှုပပျောက်ရေး၊ မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)