မုဒုံ ဇူလိုင် ၁၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇူလိုင် ၁၁ ရက် ညပိုင်းက လေပြင်များတိုက်ခတ်မှုကြောင့် မြို့မ(၄)ရပ်ကွက် ကန်ကြီးရပ်ရှိ လူနေအိမ်နှစ်လုံးထိခိုက်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ (၄)ရပ်ကွက်၊ ကန်ကြီးရပ်ရှိ လုံးပတ် (၈)ပေ၊ အမြင့် ပေ (၇၀) ခန့်ရှိ ရေသဖန်းပင်မှာ ဦးမောင်ချစ်နှင့် ဦးမောင်စိုးတို့၏နေအိမ် နှစ်အိမ်ပေါ်သို့ ကန့်လန့်ဖြတ်လဲကျ၍ ဦးမောင်ချစ်တွင် နောက်စေ့ဖူးယောင်ဒဏ်ရာ၊ ရင်ဘက် ဒဏ်ရာများနှင့် သားဖြစ်သူတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး လူမှုကူညီရေးအသင်းအဖွဲ့များက အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူနေအိမ် အလျား ပေ (၄၀) ၊ အနံ (၁၈)ပေ၊ အမြင့် (၁၀) ပေရှိ အုတ်ညှပ် တစ်ထပ် နေအိမ်တွင် သွပ်အချပ် (၃၀)ခန့် နှင့် အလျား ပေ (၃၀) ၊ အနံ (၁၆)ပေ၊ အမြင့် (၁၀)ပေ အုတ်ညှပ်တစ်ထပ် နေအိမ်တွင် သွပ်အချပ်(၂၁)ချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
သစ်ပင်လဲကျရာသို့ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ လဲကျသွားသည့် သစ်ပင်အား ခုတ်ထွင်ဖယ်ရှား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)