ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကြိုတင်စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်

ရေး ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး(လူ၊ပစ္စည်း၊ယန္တရား)ကြိုတင်စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဘောလုံးကွင်း၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ဇာနည်မင်းထက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ (ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်  နှင့် မြို့နယ်စီမံအဖွဲ့ဝင် များကနယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့် ရပ်ကွက်အလိုက် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့ဝင်များ၏ (လူ၊ ပစ္စည်း၊ ယန္တရား) အသင့်အနေထား စုဖွဲ့ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက်တပ်နယ်မှူး ဗိုလ်မှူးကြီး ဇာနည်မင်းထက်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသင့်ကြိုတင်ကာကွယ် စုဖွဲ့ဆောင်ရွက်ထားရှိခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ