မဟာအောင်မြေ ဇူလိုင် ၁၂
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏ စဥ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကာ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ အောင်စံရန်အေးဓမ္မာရုံအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း (ခ) ဦးယဉ်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း(ခ)ဦးယဉ်မောင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်ဇော်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမင်းသိန်း တို့က “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဥ်ဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းပြောကြာခဲ့ပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း