တောင်ဥက္ကလာပ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ Grade-10 ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏စိတ်ဝင်စားရာ ဘာသာရပ်နှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းများကို စနစ်တကျ ရွေးချယ်နိုင်ရေးအတွက် ယခုကဲ့သို့အသိပညာပေး အစီအစဉ်များ၏ အရေးပါမှုကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးစမ်းနှင့် အမှတ်(၁)နှင့် (၂)အခြေခံပညာ အထက်တန်းကျောင်း အထက်တန်းပြဆရာမတို့က အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၏ သင်ကြားရေးစနစ်၊ ဝင်ခွင့်သတ်မှတ်ချက်များ၊ ပညာဆက်လက် သင်ယူနိုင်မည့်အခွင့်အလမ်းများနှင့် အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကသိရှိလိုသည့် အချက်အလက်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ Grade-10 ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြပြီး အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တက်ရောက်နိုင်ရေးနှင့်ပတ်သက်သည့် အသိပညာများ ရရှိခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)