မန္တလေး ဇူလိုင် ၁၂
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ကကြီးမှူးကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့်အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးလူထုလှုပ်ရှားမှု အစီအစဉ်(Tax Campaign) ကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ CAE ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူထုလှုပ်ရှားမှုအခမ်းအနားများတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ဌာနမှူး ဦးပိုင်စိုးက အဖွင့်အမှာစကားများပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းဟန်နှင့် ဒေါ်အိအိဆွေတို့က အခွန်အကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ တာဝန်ရှိသူများက အခွန်ဆိုင်ရာ အမေးအဖြေဉာဏ်စမ်း မေးခွန်းများမေးမြန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာပြန်လည် ဖြေကြားကြခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အခမ်းအနားတွင် CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပသည့် အခမ်းအနားသို့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးပိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ တည်ထောင်အုပ်ချုပ်သူများ၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ကြပြီး အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားတွင်လည်း တာဝန်ရှိသူ များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)