ချောင်းဆုံ ဇူလိုင် ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၀ရက် ညနေပိုင်းက ချောင်းဆုံမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိကြရန်နှင့် ဥပဒေကို နားလည်တတ်ကျွမ်းရန် အရေးကြီးကြောင်း၊ ကောင်းမွန်မှု၊ မှန်ကန်မှု၊ တရားမျှတမှုများရရှိစေရန် မိမိကိုယ်တိုင် ပြဋ္ဌာန်းထားသောဥပဒေများကိုသိရှိနားလည်ပြီးမိမိရပ်ရွာအတွင်းရှိ ပြည်သူများကို ဥပဒေအသိပညာဖြန့်ဖြူးပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာများမှစ၍ နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားလာစေမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ချောင်းဆုံမြို့နယ်ဥပဒေအရာရှိ ဒေါ်လှိုင်သဇင်ဦးက သင်တန်းဆင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ဆုရရှိသည့် ထူးချွန်သင်တန်းသားများအား ပြည်နယ်ဥပဒေချုပ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်က သင်တန်းတွင် အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးက လက်ခံရယူခဲ့ကြောင်း၊ သင်တန်းသို့ ချောင်းဆုံ မြို့နယ်ရှိရပ်ကွက်/ကျေးရွာအုပ်စု(၄၇)စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းကိုဇူလိုင်၇ရက်မှ ၁၀ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်(ချောင်းဆုံ)