တွံတေး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း၊ ပန်းရောင်နှင်းဆီရင်သားကင်ဆာ လူနာပံ့ပိုးသူများအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် (၂၀၂၆) ခုနှစ် ကင်ဆာရောဂါကုသ အောင်မြင်ထားသူများနေ့ အထိမ်းအမှတ်အဖြစ် စောတွေ့ကာကွယ်နိုင်သည့် ကင်ဆာရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ဆေးစစ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီမိနစ် ၃၀ အချိန်က တွံတေးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက် လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နှင်းရေး) ဒေါက်တာ ကျော်ကံကောင်းမှအဖြစ်များသော ကင်ဆာရောဂါများအကြောင်း၊ သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ပါမောက္ခ ဒေါ်ရင်ရင်ထွန်း(ဥက္ကဋ္ဌ) ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)မှ ကြိုတင်ဆေးစစ်စောတွေ့ကုသအောင်မြင်ခြင်းအကြောင်း ဟောပြောကာ ပါမောက္ခ ဒေါ်ရင်ရင်ဇော်မှ သားအိမ်ခေါင်းကင်ဆာအကြောင်း၊ ဒေါက်တာ ဒေါ်မေကြည်မှ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာအကြောင်း၊ ဒေါက်တာ ဒေါ်ခင်သီရိမှ ရင်သားကင်ဆာအကြောင်း၊ ဒေါက်တာ မိုးအောင်ကျော်နိုင်မှ ဆေးလိပ်၊ အရက်၊ ကွမ်းနှင့်ကင်ဆာရောဂါအကြောင်းများ ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးခြင်းများကိုပြုလုပ်ရာ အမျိုးသမီးများရင်သားစမ်းသပ်နည်းကို အဖွဲ့ငယ် အလိုက် သင်ကြား၍ လက်တွေ့စမ်းသပ်ရာ သံသယလူနာ (၂) ဦး တွေ့ရှိခဲ့သည်။ သားအိမ်ခေါင်း စမ်းသပ်စစ်ဆေးခြင်း အစီအစဉ်ဆောင်ရွက်ရာ ဦးစီးသူ သားဖွားနှင့်မီးယပ်အထူးကုဆရာ၀န်ကြီး ပါမောက္ခ အဒေါ်ရင်ရင်ဇော် (ဒုဥက္ကဋ္ဌရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း) အဖွဲ့မှ ဆောင်ရွက် ပေးခဲ့သည်။
အမျိုးသမီးများအတွက် သားအိမ်ခေါင်း စစ်ဆေးစမ်းသပ်ခြင်း အစီအစဉ်ကို ဆေးရုံသီးသန့် အခန်းများတွင် ဆောင်ရွက်ခဲ့ရာ သံသယလူနာ (၁၁) ဦးတွေ့ရှိ ကုသညွှန်းပို့ခဲ့သည်။ စစ်ဆေးသူအမျိုးသမီးများမှာ အသက် (၃၀) နှစ်နှင့်အထက် အိမ်ထောင်ရှိသူ၊ အိမ်ထောင်ပြုဖူးသူ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစစ်ခြင်းအခမ်းအနားသို့ တွံတေးမြို့နယ်အတွင်းရှိ အသက် (၃၀) နှစ်မှ (၅၀) နှစ်အတွင်း အမျိုးသမီးပြည်သူ (၃၂၅) ဦးနှင့် အမျိုးသမီး အခြေခံကျန်းမာရေးဝန်ထမ်း (၇၅) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်