အောင်မြေသာစံမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား  အာဟာရကျွေးမွေး

မန္တလေး ဇူလိုင် ၁၂

ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ "အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ကျောင်းတွင်းအဟာရမြှင့်တင်စို့"အစီအစဉ်အဖြစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို ဇူလိုင်  ၁၀ရက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၈၆လမ်း၊ ၂၂×၂၃လမ်းကြားရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက KG ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးအား စနစ်တကျလက်ဆေးနည်းကို ရှင်းလင်းပြသသည်။ ထို့နောက် နေ့လယ်စာအာဟာရ ကျွေးမွေးကြရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများက ကျောင်းသားကျောင်းသူများအား စနစ်မှန်သွားတိုက်နည်းများကို သင်ကြား၊ သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

(MMT)