မြစ်ကြီးနား ဇူလိုင် ၁၁
၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) ဆဋ္ဌမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ လီဆူဇုန်နယ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ယနေ့ ဆဋ္ဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန်၊ စိန်းလမ်းစိုပြည်သော ကမ္ဘာမြေအား နောင်လာနောက်သားများသို့ လက်ဆင့်ကမ်းနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝသော ဂေဟစနစ်ကိုထိန်းသိမ်းရန်ရည်ရွယ်ပြီး ပြည်နယ်အတွင်း သစ်တောဦးစီးဌာနက သစ်ပင်စိုက်ပျိုးပွဲပေါင်း ၁၃ ပွဲ၊ ပျိုးပင်ပေါင်း (၁၇၄၀၀)ပင်ကို စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ရမ်ပူရပ်ကွက် လီဆူဇုန်နယ် နှစ်ခြင်းအသင်းတော်ဝင်းအတွင်း သတ်မှတ်နေရာအသီးတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ လောက်ယား (၃၆၀)ပင်၊ ရေပိတောက် (၃၄၀)ပင်၊ တမလန်း (၂၀၀)ပင်၊ ယင်းမာ (၁၀၀)ပင် စသည့် ပျိုးပင်စုစုပေါင်း (၁၀၀၀)ပင်ကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)