စိုက်ပျိုးရေးသုတေသနမှ သုတေသနပြုရွေးချယ်ထားသည့် အလားအလာကောင်း ဂျုံမျိုးများအား ကွင်းသရုပ်ပြပွဲနှင့် မျိုးရွေးချယ်ပွဲ ကျင်းပပြုလုပ်

ပင်းတယ    ဇန်နဝါရီ     ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့၌ စိုက်ပျိုးရေး သုတေသန မှ သုတေသနပြုရွေးချယ်ထားသည့် အလားအလာကောင်းဂျုံမျိုးများအား KOPTA ဂျုံစီမံကိန်း၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကွင်းသရုပ်ပြပွဲနှင့် မျိုးရွေးချယ်ပွဲအား ယမန်နေ့ နံနက် ၁၀ နာရီက ပင်းတယမြို့ တံတားကြီးကျေးရွာ၊ တောင်သူဦးမြင့်လွင်၏ စိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဦးတင်ဆွေသန်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံမှ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်နှင့် ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများ၊ တောင်သူစုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

တောင်သူများကြိုက်နှစ်သက်၍ ရွေးချယ်ခဲ့သည့်မျိုးသစ်များမှာ 31st SAWYT 203 နှင့်   34th ESWYT 172 တို့ဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကိုဦး(ပင်းတယ)