တောင်ကြီး ဇူလိုင် ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့နှင့် လဲချားမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင် ၁၀ ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်တင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက ပညာရေးကဏ္ဍကို မြှင့်တင်၍ နိုင်ငံသားများ၏ စိတ်ဓာတ်ကို တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် ကျောင်းတက်ရောက်နေသည့် ကလေးတိုင်းအမှန်တကယ် ပညာတတ်မြောက်စေရေးကိုလည်း လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ/ ဆရာမများ၏ အရည်အသွေးမြင့်မားလာစေရေးနှင့် သင်ကြားရေးပိုင်းဆိုင်ရာ နည်းစနစ်များ ခေတ်နှင့်လျော်ညီရေး၊ ကျောင်းသားကျောင်းသူများ ကျောင်းနေပျော်ရွှင်စေပြီး ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်း ဥပဓိရုပ်များ ကောင်းမွန်စေရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် တာဝန်ရှိသူများသည် ပင်လုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်နေသည့် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ ပံ့ပိုးငွေများ ပေးအပ်လှူဒါန်းကြပြီး၊ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုရာ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ ဆေးရုံအတွက် ကျန်းမာရေးသုံးဆေးပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ ဟော်ဟိန်းပဒုမ္မာ သီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာလေးများအား လှူဖွယ်ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ Township Sports Development Program (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားရုံအတွင်း နေရာယူကြပြီး ပြည်နယ် လူမှုရေးရာဝန်ကြီးအား အလေးပြုတန်းအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း အားကစားနည်းပညာရပ်များကို ကြိုးစား လေ့လာပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ယင်းနောက် အားကစားပြိုင်ပွဲများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)နှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အားကစားပြိုင်ပွဲအတွက် အလှူရှင်များက လှူဒါန်းငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေး၍ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းများမှ ကလေးငယ်လေးများက Fitness Dance အကနှင့် ပြည်ထောင်စု၏ ထာဝရအလှများ တေးသီချင်းဖြင့်လည်းကောင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့နှင့် ဖျော်ဖြေတင်ဆက်ကြသည့် ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဝမ်ဟိုင်း F.C အသင်းနှင့် မျိုးဆက်သစ် (ပင်လုံ)FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဲချားမြို့သီရိဟံသာခန်းမ၌ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖများအား တွေဆုံ အမှာစကားပြောကြားသည်။ ထို့နောက် ဒေသခံတိုင်းရင်းသား ပြည်သူများကဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် လဲချားမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံအားပေး၍ အာဟာရဖြည့် အစားအစာများ ပေးအပ်လှူဒါန်းပြီး၊ လဲချားပြည်သူ့ဆေးရုံအတွက် လှူဒါန်းငွေများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)