လဲချား ဇူလိုင် ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းအက်စ်ကီမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့မွန်းလွှဲပိုင်းအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ ဟော်ဟိန်းပဒုမ္မာ သီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာလေးများအား သွားရောက်ဖူးမြှော် ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုငွေများ ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဲချားမြို့နယ် မြို့မအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် Township Sport Development Programme (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားရုံအတွင်း နေရာယူကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးအား အလေးပြုတန်းအပ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အားကစားပြိုင်ပွဲများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)နှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အားကစားပြိုင်ပွဲအတွက် အလှူရှင်များက လှူဒါန်းငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက Fitness Dance အကနှင့် ပြည်ထောင်စု၏ ထာဝရအလှများ တေးသီချင်းဖြင့်လည်းကောင်း၊ ရှမ်းယဉ်ကျေးမှုအဖွဲ့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့နှင့် ဖျော်ဖြေတင်ဆက်ကြသည့် ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဝမ်ဟိုင်း F.C အသင်းနှင့် မျိုးဆက်သစ် (ပင်လုံ)FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဲချားမြို့အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများအား လဲချားမြို့၊ သီရိဟံသာခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား မှာကြားခဲ့သည်။ ထို့နောက် ဒေသခံတိုင်းရင်းသား ပြည်သူများက မိမိဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လဲချားမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခဲ့ပြီး၊ လဲချားပြည်သူ့ ဆေးရုံအတွက် လှူဒါန်းငွေများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
လဲချား(ပြန်/ဆက်)