ကျောက်တန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲဆုပေးပွဲနှင့် ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၃) ဦးအား ဂုဏ်ပြုပွဲနှင့် ရုံးဆောက်လုပ်ရန် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက အလယ်ပိုင်းရပ်ကွက်၊ (မြို့မ) အခြေခံပညာအလယ်တန်းကျောင်းရှိ ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်း ရုံးအဆောက်အဦး ဆောက်လုပ်ရန် အတွက်အလှူရှင် ရန်ကုန်မြို့နေ သီဟသုဓမ္မမဏိဇောတဓရ နတ်ရေကန်တက္ကသိုလ် တင်မောင်ထွေး မိသားစုမှ အလှူငွေကျပ် သိန်းနှစ်ထောင်ကျပ်အား ပေးအပ်လှူဒါန်းပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် တစ်ဘာသာဂုဏ်ထူးရရှိသူ ကျောင်းသားတစ်ဦး၊ ရိုးရိုးအောင်မြင်သည့် ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ၂၀၂၆-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆက်လက်ဆုချီးမြှင့်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းရီမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးစိုးမြင့်ကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးထွန်းရီ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ခရိုင်တာဝန်ခံ ဦးအောင်ကျော်ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထိုက် အလှူရှင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
နေလင်းကျော် (ပြန်/ဆက်)