တပ်ကုန်း ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေအတွက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ရေးဦးစီးဌာန၊ တည်ဆောက်ရေး (၅)မှ ညွှန်ကြားရေးမှူး ဦးသာယာက ဆင်သေရေလွှဲဆည်အသစ်တည်နေရာ၊ ရေဝပ်ဧရိယာ၊ ရေလျှံထိန်းတာပေါင်၊ ရေထိန်းတံခါးနှင့်အထွေထွေလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းအခက်အခဲများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ သပြေသာကျေးရွာ၊ ကွင်းအမှတ် ၁၂၇၉ ကွင်း၊ တောင်သူ ဦးဝိုင်း ဆင်းရွှေကြာမျိုး နေကြာ၊ တောင်သူ ဦးကျော်ကျော် RAKA 666 ဝါမျိုး ဝါစိုက်ခင်းများသို့ ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက သီးနှံစိုက်ပျိုးထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသည့် သီးနှံများ အရည်အသွေး ပြည့်ဝရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆွေးနွေးမှာကြားခဲ့ပြီး တောင်သူများ တင်ပြသည့် ကုန်ထုတ်လမ်းအားသက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာနသို့ ရောက်ရှိ၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးနှင့် ပတ်သက်သော တုံ့ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်မှုများနှင့် အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့ ရောက်ရှိ၍ ကျောင်းမြေဧရိယာနှင့် ကျောင်းဆောင်များ ကြည့်ရှုခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းရေးနှင့် ထူးချွန်စွာအောင်မြင်ရေး Grade- 12 ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကံကြီးမွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးထိုက်က ကံကြီးမွေးမြူရေးဇုန် ရက် ၁၀၀ အတွင်း မွေးမြူရေးလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဌာနအလိုက် ရပ်ကွက်ကျေးရွာပြည်သူများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ပြီနောက် နေပြည်တော်ကောင်စီဝင်က လိုအပ်သည့်မွေးမြူရေးလုပ်ငန်းများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်