နောင်ချိုမြို့နယ် ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရေပျံကြီးရေတံခွန်နှင့် ကျောက်တော C.B.T သို့ ကွင်းဆင်းကြည့်ရှု

နောင်ချို ဇန်နဝါရီ  ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိရာ နောင်ချို မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဆက်သွယ်ထားသော ဒုဌဝတီတံတားအနီးမှ ရေပျံကြီး ရေတံခွန်နှင့် ကျောက်တော (စံပြ) ကျေးရွာ C.B.T သို့ ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူး) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင် တတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း  (ရှမ်းမြောက်ဇုန်) ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်ဦးဇော်ဇော်၊ မြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ် ဒေသသစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရေပျံကြီးရေတံခွန်သို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ် ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism )  C.B.T သို့ ရှမ်းပြည်နယ်အစိုးရမှ Tourism Village  စီမံချက်ဆောင်ရွက်ရန် ကျပ်ငွေ သိန်း ၁၀၀၀ ခွင့်ပြုလျာထားမှုအား စနစ်တကျစီမံဆောင်ရွက်နိုင်စေရန်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)