တာမွေမြို့နယ်၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်း ဖွင့်လှစ်

တာမွေ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့န့နက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသူ အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်နေမှုအခြေအနေအား သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသူများအတွက် တိုင်းရင်းဆေးဘူးများအားပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းသူများအတွက် နေ့လယ်စာထမင်းဘူးများ၊ ရေသန့်များ၊ လက်ဖက်ရည်နှင့် ပေါင်မုန့်များ ပေးဝေခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သက်ဆိုင်ရာသင်တန်းနည်းပြများက သင်တန်းသူများအား ဆယ်အိမ်စုမှူး၏ တာဝန်ဝတ္တရားများ၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများအကြောင်း၊ တိုင်းရင်းဆေးများအကြောင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ မကူးစက်သောရောဂါများနှင့် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး၊ တီဘီရောဂါ၊ အနာကြီးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများအကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း စသည်ဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင် (တာမွေ)