ဒက္ခိဏ ဇူလိုင် ၁၁
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအားသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ လယ်ဝေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒက္ခိဏသီရိမြို့နယ် စိုက်/ကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် စီးပွားရေးဦးတည်ချက်များနှင့်အညီ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း ဟူသော ကဏ္ဍ (၄) ရပ်သည် အလွန်အရေးကြီးကြောင်း၊ ရေအရင်းအမြစ်များနှင့် သွင်းအားစုများကို စနစ်တကျ အကျိုးရှိရှိ အသုံးချ၍ မိမိတို့သီးနှံများ အထွက်တိုးအောင်စိုက်ပျိုးထုတ်လုပ်သွားကြရန်နှင့် မိုးသီးနှံ စတင်စိုက်ပျိုးချိန်တွင် လယ်ကန်သင်းပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကို ဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က တောင်သူများထံ သွင်းအားစုများကို ပေးအပ်ပြီး ကွင်းအမှတ် (၁၆၇၂)၌ သက်တမ်း ၂၈ ရက်ရှိ ပေါ်ဆန်းရင်စပါးမျိုး စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးသည်။
ယင်းနောက် တာဝန်ရှိသူများက စပါးအထွက်နှုန်းတိုးတက်ရရှိရေး အသိပညာပေး ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးထွန်း(ဒက္ခိဏ)