သီပေါ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပန်မိတ်ကျေးရွာ ဒေသခံပြည်သူများနှင့် နိပွန်ဖောင်ဒေးရှင်း၊ စေတနာအဖွဲ့တို့ပူးပေါင်း၍ ဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်သစ်၊ ရေလောင်းအိမ်သာ၊ မိုးရေလှောင်ကန်နှင့် ကျောင်းအသုံးအဆောင် ပရိဘောဂပစ္စည်းများကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်မိတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျောင်းအဆောက်အဦနှင့် ကျောင်းအသုံးအဆောင်ပရိဘောဂပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲတွင် လားရှိုးမြို့ နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးတင်လေးက နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပံ့ပိုး ကူညီကြီးကြပ် မှုဖြင့် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့နှင့် သီပေါမြို့နယ် ပန်မိတ်ကျေးရွာ ဒေသခံပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောက်လုပ်ထားသော တစ်ထပ် ကျောင်းဆောင်(၁)ဆောင်၊ (၅)ခန်းတွဲ ရေလောင်း အိမ်သာ(၁)လုံး၊ လက်ဆေးရေကန်(၁) ကန်၊ အလံတိုင်၊ စာရေးခုံနှင့် ထိုင်ခုံ(၄၀)စုံ၊ ဆရာ/ဆရာမသုံး စားပွဲနှင့် ကုလားထိုင်(၄)စုံ တို့အား သီပေါမြို့နယ် အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်မှုတွင် လားရှိုးမြို့ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ် (၃၈၆)သိန်းကျော်၊ ပန်မိတ်ကျေးရွာဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ငွေကျပ် (၅၈)သိန်း ကျော် စုစုပေါင်းကျပ် (၄၄၅)သိန်းကျော် ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ)