၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁၁

၂၀၂၆ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပန်ကြပ် ဆီလတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ၄၅-၅၀ ကီလိုတန်း အမျိုးသမီး အတိုက် ပြိုင်ပွဲနှင့်  ၅၀-၅၅ ကီလိုတန်း အမျိုးသားအတိုက်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အတိုက်ပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံးဆု ရရှိသည့် မရမ်းကုန်းမြို့နယ်အသင်းမှ ဇင်မျိုးသွယ်၊ အတိုက်ပြိုင်ပွဲတွင် အမျိုးသားအကောင်းဆုံးဆုရရှိသည့် မရမ်းကုန်းမြို့နယ်အသင်းမှ မင်းသစ်ကောင်းခန့်၊ ရွှေတံဆိပ်(၃)ခု နှင့် ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုရရှိသည့် မင်္ဂလာဒုံမြို့နယ်အသင်း၊ ရွှေတံဆိပ်(၃)ခု ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် မရမ်းကုန်းမြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး များက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုတို့ကို အသီးသီးပေးအပ်ခဲ့ကြ သည်။

ယင်းနောက် ရွှေတံဆိပ်(၅)ခုနှင့် ငွေတံဆိပ်(၁)ခုဖြင့် စွယ်စုံတံခွန်စိုက်ဆုရရှိသည့် မရမ်းကုန်းမြို့နယ် အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စွယ်စုံ တံခွန်စိုက်ဆုတို့ကိုပေးအပ်ခဲ့ပြီး ပန်ကြပ်ဆီလတ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို အားကစားသမား(၂၁၇)ဦးဖြင့် ဇူလိုင်လ(၈)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)