ကလော ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၅)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၂)နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသက်(၁၅)နှစ်အောက်ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နောင်လွယ် အ-လ-က(ခွဲ)ကျောင်းနှင့် အောင်ပန်းမြို့ အ-ထ-က(၃)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အပြီးတွင် အောင်ပန်း အ-ထ-က(၃)အသင်းက နောင်လွယ် အ-လ-က(ခွဲ)အသင်းကို (၂)ဂိုး - (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပထမဆု (၅)သိန်းကျပ်၊ ဒိုင်းဆုနှင့် တစ်ဦးချင်းလယ်ဆွဲဆု၊ ဒုတိယဆု (၃)သိန်းကျပ်နှင့် တစ်ဦးချင်းလယ်ဆွဲဆု၊ တတိယဆု (၂)သိန်းကျပ်နှင့် တစ်ဦးချင်းလယ်ဆွဲဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆု၊ အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်းနှင့် အကောင်းဆုံးဂိုးသမားဆုတို့ကို အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)