ကျောက်တန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု၀င်ငွေတိုးရေးစီမံကိန်း အစီအစဥ်ဖြင့် အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေဇင်အေးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်မှ သင်တန်းထွက်ကုန်ပစ္စည်များအားလည်းကောင်း၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေဇင်အေးမှ သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားကို ကျောက်တန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်အေးနှင့် ၀န်ထမ်းများ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)