မိုင်းပျဉ်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြား ပြောကြားရာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ/နည်းဥပဒေများကို သိရှိနားလည်ထားမှသာ ရပ်ရွာပြည်သူများ၏ အခွင့်အရေးများကို ဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးမျိုးဇော်အောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) အမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပေး ပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT) အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုံလင်စွာ တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၁၁-၇-၂၀၂၆)ရက်နေ့မှ (၁၂-၇-၂၀၂၆)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)