ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသူများအား လမ်းညွှန်သြဝါဒပေးပွဲသို့တက်ရောက်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၁၁

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(မြစ်ကြီးနား)၏ ၂၀၂၆ ပညာသင်နှစ်၊ အပတ်စဉ်(၇)ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများအား ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၏လုပ်ဆောင်မှု၊ ကျွမ်းကျင်မျုများအပေါ်အခြေခံ၍ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အတွက် သင်တန်းကျောင်းများအနေဖြင့်လည်း အရည်အသွေးပြည့်ဝသော ပြည်သူတစ်ရပ်လုံးအားကိုးရသော သားဖွားဆရာများမွေးထုတ်ပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း အရည်အသွေးပြည့်မီသော သားဖွားဆရာမများဖြစ်လာစေရန် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ကြိုးစားအားထုတ်သင်ယူကြပြီး သားဖွားဆရာမတစ်ဦးကျင့်ဝတ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သွားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နန်ခေါန်က ပထမနှစ် Semester-1 စာမေးပွဲကို ကြိုးစားအားထုတ်ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် သူနာပြု-သားဖွားတို့၏ အဆောင်အယောင်ဖြစ်သော ဦးဆောင်းအပ်နှင်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ သင်တန်းကျောင်းပညာရေးအဖွဲ့ဝင်များနှင့်အတူ ပထမနှစ်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသော သင်တန်းသူ(၄၃)ဦးတို့အား ဦးဆောင်းအပ်နှင်းပေးခဲ့ကြပြီး သူနာပြုနှင့်သားဖွားဆရာမများ လိုက်နာရမည့်သစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် သင်တန်းသူများက ပြည်သူချစ်သောသားဖွားဆရာမလေး သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံအရည်အချင်းစစ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ သင်တန်းကျောင်းအတွက် ဆန်အိတ်များကိုလည်းကောင်း ပေးအပ်ခဲ့ရာ ပထမနှစ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော ကျောင်းသား/ကျောင်းသူများအား လမ်းညွှန်သြဝါဒပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အဓိကအသက်သွေးကြောဖြစ်သည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကဦးစားပေးလုပ်ငန်းစဉ်ပင်ဖြစ်ပါကြောင်း၊ လူငယ်မောင်မယ်များကို ခေတ်မီအတတ်ပညာများ သင်ယူစေပြီး ပြည်နယ်ကို ပြန်လည်ဦးဆောင်နိုင်မည့် ပညာတတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး၊ ပညာရည် ထူးချွန်ရုံမကဘဲ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာကြစေ‌ရေး၊ အနာဂတ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်းဖြင့် သြဝါဒစကားပြောကြားသည်။ ဆက်လက်၍ ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က ကျေးဇူးတင်စကားပြောကြားပြီး မြစ်ကြီး နားတက္ကသိုလ်မှ သက်ပြည့်အငြိမ်းစားယူကြမည့် သင်္ချာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းစိန်၊ သမိုင်းဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာဆွေဆွေဦးနှင့် ဘဏ္ဍာရေးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်တို့အား ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာကြီး/ဆရာမကြီးများက အမှတ်တရစကားများကို ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ၊ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များ၊ စီစဉ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အခမ်းအနားကျင်းပသွားမည့် အစီအစဉ်များနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်သာသနာရေးမှူးရုံးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပသွားမည့် အသေးစိတ်အစီအစဉ်မျာကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်‌ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကိုအသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်