မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၁၀

၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီတို့ပူးပေါင်းကျင်းပသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘတ်စကက်ဘောအသင်းနှင့် ကျိုက်ထိုမြို့နယ်ဘတ်စကက်ဘော အသင်းတို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများမှ သတ်မှတ်နေရာများတွင်နေရာယူပြီး မွန်ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီက မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှဒိုင်လူကြီးများအား ချီးမြှင့်ငွေနှင့်ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ပြီး ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ ပူးတွဲတတိယဆု၊ ဒုတိယဆုရရှိသော ပြိုင်ပွဲဝင်ဘတ်စကက်ဘောအသင်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ပြည်နယ်ဝန်ကြီးချုပ်မှ ပထမဆုရရှိသော ကျိုက်ထိုမြို့နယ် ဘတ်စကက်ဘောအသင်းအား ဆုတံဆိပ်၊ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)