ဒလ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အံ့ကြီးအနောက် ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အ.လ.က(၃)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေး ပြောကြားရာတွင် ယနေ့မျိုးဆက်သစ်လူငယ်များမှာ နိုင်ငံတော်၏ အနာဂတ်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ၊ အတွေးအခေါ်များ ကျယ်ပြန့်၍ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စတဲ့ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)