ကျောက်ဆည်မြို့နယ်၌ ဖွင့်လှစ်ခဲ့သော သီးသန့်မီးသတ်တပ်ဖွဲ့ အကြိုအခြေခံ မီးသတ်ပညာသင်တန်းဆင်း

ကျောက်ဆည် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကုလားကျောင်းကျေးရွာအုပ်စု၊ စက်မှုဇုန် နယ်မြေ၊ Keys Shine အထည်ချုပ်စက်ရုံ၌ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရန်  ဖွင့်လှစ်ခဲ့သော သီးသန့်မီးသတ်တပ်ဖွဲ့ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ ယနေ့မွန်းတည့် ၁၂ နာရီက Keys Shine အထည်ချုပ်စက်ရုံ စုဝေးခန်းမ၌ ကျင်းပသည်။

 သင်တန်းဆင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထိုက်ထိုက်ဇော်က သင်တန်းသားများအနေဖြင့် မိမိတို့၏တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ကာ မီးဘေးကင်းရှင်းသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရာတွင် အင်အားတစ်ရပ်ဖြစ်ပြီး မီးသတ်ဦးစီးဌာနနှင့်အတူ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ ဆုရရှိခဲ့ကြသည့် သင်တန်းသားများအား ဆုများချီးမြှင့်သည်။

အဆိုပါ သင်တန်းကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၀ ရက်နေ့အထိ မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်တာဝန်များ၊ မီးလောင်ရန်လိုအပ်အခြေခံအချက်များ၊ လက်နက်မဲ့စစ်ရေးပြ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အပူသယ်ဆောင်နည်း၊ မီးလောင်မှုအတန်းအစား ခွဲခြားခြင်း၊ အခြေခံမီးငြိမ်းသတ်နည်း၊ မီးလောင်ရခြင်း၏ အကြောင်းအရင်းများ၊ အိမ်တွင်းမီးဘေးကာကွယ်ရေးနှင့် မီးသတ်တပ်ဖွဲမှစစ်ဆေးခြင်းများ၊ ရေအကြောင်းနှင့်ရေဂါလံတွက်နည်းများ၊ ကျေးလက်ဒေသ မီးဘေးလုံခြုံရေး၊  သီးသန့်မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်၊ဖွဲ့စည်းပုံနှင်လုပ်ငန်းတာဝန်များ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးသတ်ပစ္စည်းများအကြောင်း၊ မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ် အသုံးပြုနည်း၊ ကြိုးချည်နည်းအမျိုးမျိုး၊ ပိုက်ခေါင်း၊ပိုက်လိပ်ကောက်နည်း၊ ပိုက်လိပ်ဆက်နည်း၊ ဖြန့်နည်း၊ ရေဖွင့်ရေပိတ် အချက်ပြနည်း၊ အပေါ့စားမီးသတ်စက်နေရာယူနည်းနှင့် ကိုယ်စီတာဝန်များ၊ ရှေးဦး သူနာပြုစုနည်း စသည့်ဘာသာရပ်များအား သင်ကြားခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)