ကျောက်တန်း ဇန်နဝါရီ ၂၃
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်မြင့်မားလာစေရန် မြစိမ်းရောင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးခြင်း သွားလာရေး အဆင်ပြေစေရန် လမ်းတံတားများဆောင်ရွက်ပေးခြင်း၊ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရန်နှင့်သန့်ရှင်းသော ရရှိစေရန် ရေကန်အနက်နှိုက်ခြင်း၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ပျဉ်းမကန် လေးကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းကွန်းကရစ်လမ်းခင်းခြင်းအား ယမန်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုဆောင်ရွက်မှုတွင် အကျယ်(၈)ပေ၊ထု(၆) လက္မ၊ အလျား(၃၄၀) အရှည် လမ်းတစ်လမ်းနှင့် အကျယ် (၁၀)ပေ၊ ထု(၆)လက္မ၊ အလျား (၃၅၂)ပေ အရှည် လမ်းတစ်လမ်း၊ စုစုပေါင်း(၂) လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ ကျေးရွာပြည်သူများမှ လုပ်အားဒါနများဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြစိမ်းရောင်အတိုးရငွေထဲကနေ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျေးရွာက ရပ်မိ/ရပ်ဖတွေ၊ မြစိမ်းရောင်ကော်မတီဝင် တွေနဲ့ ပြည်သူတွေ ဆွေးနွေးတိုင်ပင်ပြီးမှ ယခု ဒီလမ်းကို ကွန်ကရစ်ခင်းဖို့ ရွေးချယ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကျေးရွာက ပြည်သူတွေက လုပ်အားဒါန ပါဝင်ကြတော့ အလုပ်သမားခ ကုန်စရာ မလိုတော့ပါဘူး။ အဲတာကြောင့် လမ်းအရှည်ပိုပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လုပ်အားဒါန ဆောင်ရွက်ကြတဲ့သူတွေကိုလည်း ကျေးရွာမှ စေတနာရှင်များက အာဟာရဒါနများ ကျွေးမွေးကြပါတယ်။ ကျွန်တော်တို့ကျေးရွာအတွက် ဝမ်းသာဂုဏ်ယူပါတယ်” လို့ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်း(၂)လမ်းအတွက် စုစုပေါင်းကုန်ကျငွေမှာ (၁၁၅) ကျပ် ကုန်ကျခြင်း ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)