တွံတေး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက် U–14 Boys Royal–D CUP 2026 ဘောလုံးပြိုင်ပွဲကို မြို့မအားကစားတွင် ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ (စာရင်းအင်း)ဒေါ်စန်းစန်းဝင်းက ပြိုင်ပွဲဝင် ကျောင်းသားများအား အားကစားသမားများအနေဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် ပြောကြားပြီး ယနေ့ယှဉ်ပြိုင်မည့် အားကစားသမားများဖြစ်သည့် အ.ထ.က(၂)မြို့မ (တွံတေး)နှင့် မူလွန်(သံဖြူရုံ)မှ ကျောင်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက်U-14 Boys Royal-D CUP 2026 ဘောလုံးပြိုင်ပွဲတွင် အသင်း(၉)သင်းပတ်လည် ယှဉ်ပြိုင်ကစားကြမည့်ဖြစ်ပြီး ဗိုလ်လုပွဲစဥ်တွင် အမှတ်အများဆုံး အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပွဲများကို ဇူလိုင် ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် ၇ နာရီ၊ နံနက် ၈ နာရီမိနစ် ၃၀၊ ညနေ ၃ နာရီတို့တွင် တစ်နေ့ကို ၃ ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)