သန်လျင်၌ အရှည်ပေ ၂၆၀၀ ကျော် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

သန်လျင် ဇန်နဝါရီ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြန်မာ့ရေနံရပ်ကွက်၌ အရှည် ၂၆၂၄ ပေရှိ ကွန်ကရစ်လမ်းသစ်အား ယမန်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ပြည်သူများသွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်အား သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အရှည် ၂၆၂၄ ပေ၊ အကျယ် ၁၂ ပေ၊ အမြှင့် ၉ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး လမ်းသစ်ဖွင့်ပွဲအားကျင်းပရာ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဖွင့်ပွဲအမှတ်တရ မုဒိတာစကားပြောကြားကာ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) စက်ရုံမှူး ဦးညွန့်ဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လမ်းသစ်ဖွင့်ပွဲ မင်္ဂလာအချိန်တွင် ကွန်ကရစ်လမ်းသစ်အား သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ ရေနံချက်စက်ရုံ (သန်လျင်) စက်ရုံမှူး ဦးညွန့်ဝေ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ရေနံရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ညွန့်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ အနှစ်နှစ်အလလက ဒီလမ်းကြီးကို ပြုပြင်နေချင်တာပါ အခုတော့ အိမ်မက်ကြီးလိုဘဲ ဒီလမ်းကြီးကောင်းသွားခဲ့ပါပြီ အခုလို ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူတွေ သွားလာမှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိ လူကြီးမင်းများအားလုံးကို ရပ်ကွက်နေ ပြည်သူများရဲ့ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူ ဦးစန်းဦးက ပြောကြားသည်။

သက်ခိုင် (သန်လျင်)