သထုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ် စာဖတ်ဝိုင်းများပြုလုပ်နေမှု အခြေအနေတို့ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က စာပေရေးရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်း အဖွဲ့ဝင်များ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးသူ နန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)