သထုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ သထုံမြို့ပေါ် လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့တို့မှ လူငယ်များ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)