ကော့မှူး ဇူလိုင် ၁၀
စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စာအုပ်စာစောင်များ လေ့လာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် မဝင်းသီရိကျော်က စာရေး ဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ လူငယ်နှင့်ဇွဲ” စာအုပ်ထဲမှ “မေတ္တာပါမှအဆင်ပြေ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မောင်ရဲရင့်နိုင်က “ချစ်သောမျက်စိဖြင့်ကြည့်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်မိုးကေသီက “ကောင်းသောစကားနှင့်ကောင်းသောစာ” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်မိုးကေသီက ဦးဆောင်ဆွေးနွေးရာတွင် ကြင်နာတဲ့စကားဟာတိုတောင်းပြီးပြောဖို့လည်းလွယ်ကူပါကြောင်း၊ ဒါပင်မဲ့သူတို့ရဲ့ ပဲ့တင်သံကတော့ အမှန်တကယ်အဆုံးမရှိနိုင်ကြောင်း ၊ သက်ရှိသတ္တဝါများအနက် လူသားသည်အသိဉာဏ်အရှိဆုံးဖြစ်ကြောင်း ၊လူ၏အသိဉာဏ်မြင့်မားမှုကြောင့် အင်အား အလွန်ကြီးသော ဆင်ကိုလည်း သင်ကြားပြသကာ ခိုင်းစေကြောင်း၊ မြင်း၊ကျွဲ၊နွား၊စသည့်တို့ကိုလည်း ဝန်သယ်ခြင်း ၊လှည်းဆွဲခြင်း၊ လယ်ထွန်ခြင်းစသည့် အလုပ်ကိစ္စအမျိုးမျိုး၌ စေခိုင်းကြကြောင်း၊ လူသည်အသိဉာဏ်ပညာကြီးမားသည်မှန်သောလည်း အခြားသတ္တဝါများထက် အားနည်းချက်တစ်ခုရှိကြောင်း၊ ငယ်ရွယ်စဉ်မှစ၍ မိဘ၏ပြုစုယုယမှု၊ ကျွေးမွေးသုတ်သင်မှုကိုမှီခိုရခြင်းဖြစ်ကြောင်း ၊ဆင်၊မြင်း၊ကျွဲ၊နွား၊ခွေး၊ ဆိတ်၊ဝက်စသည့်တို့နှင့် ငါး၊လိပ်၊ပုစွန်စသည့် ရေသတ္တဝါတို့သည် အချိန်တိုအတွင်း၌ အမှီအခိုကင်းစွာ ရှင်သန်နေကြကြောင်း၊ လူသားမှာစာရေး၊ ဝတ်ရေး၊ နေရေးတို့အတွက် သူတစ်ပါးကိုများစွာ အကူအညီရယူရကြောင်း၊ မိဘဆွေမျိုးများမှအစ လူမျိုး၊ရပ်ရွာ၊အစုအဝေးမှာ ပါဝင်လျက် အများနှင့် ပေါင်းသင်းဆက်ဆံရကြောင်း၊ လူနှင့်လူချင်းဆက်ဆံရေးသည်မည်သူမဆို လူတစ်ယောက်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းလျှင် ကောင်းသလောက်အောင်မြင်ပြီး ဆက်ဆံပြောဆိုမှု ညံ့ဖျင်းလျှင် ညံ့ဖျင်းသလောက် ဒုက္ခတွေ့ရကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)