ဖယ်ခုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ မြို့ကုန်းရပ်ကွက်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဖယ်ခုံမြို့မှ ယနေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
“ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်းတွေမှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ဆောင်ရွက်နိုင်ရေးနဲ့ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းမှာ ရှိတဲ့ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)တွေကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနဲ့အညီ ပျက်စီး/ပျောက်ဆုံးနဲ့ အိမ်ထောင်စု ခွဲထွက်တို့ကို ဆောင်ရွက်ပေးတာပါ”ဟု ဒုလဝကမှူး ဦးလှဝင်းဦးက ပြောသည်။
မြို့ကုန်းရပ်ကွက်တွင် အိမ်ခြေ ၄၈၂ အိမ်ရှိပြီး အိမ်ထောင်စု ၅ဝ၆ စုရှိကြောင်း၊ ယနေ့လုပ်ငန်း ဆောင်ရွက်ပြီးပါက အိမ်ထောင်စုလူဦးရေစာရင်း ပုံးစံ(၆၆/၆)ထပ်တိုးလာမည် ဖြစ်ကြောင်းနှင့် ရပ်ကွက်အတွင်းမှ ပြည်သူများအနေဖြင့် စိတ်ဝင်တစား လာရောက်ဆောင်ရွက်လျက်ရှိကြောင်း ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဒုလဝကမှူး ဦးလှဝင်းဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းပေါ်နှင့် တာဝန်ရှိသူများတို့က ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)