ရပ်စောက် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံ၍အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်ကောင်းများ မှန်ကန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း လွယ်ဆင်နှင့် အခြေခံပညာမူလတန်းကျောင်း တိုးနီတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ချိန်တွင်လမ်းမှားမရောက်စေရန်နှင့် ပညာကိုမြတ်မြတ်နိုးနိုးဖြင့် သင်ယူဖို့လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်စေနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ စသည့်အကြောင်းအရာများကိုအကျယ်တစ်ဝန်းဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းသိရ သည်။
မြို့နယ်ပြန်/ဆက်