မြစ်ကြီးနာ ဇူလိုင် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ဗုဒ္ဓသာသနာတော်၏ ဓူရနှစ်ဖြာကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူကြသည့် ရဟန်းတော်၊ သီလရှင်များနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းလျက်ရှိသော လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး ကချင်ပြည်နယ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ရှေးဦးစွာ စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ၂၀၂၇ ခုနှစ်အတွင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်နိုင်ရေး ထေရုပ္ပတ္တိ/ အတ္ထုပ္ပတ္တိ လျှောက်လွှာများ စိစစ်ရာတွင် သံဃာတော် ၂၈ ပါး၊ သီလရှင် ၄ ပါး၊ လူပုဂ္ဂိုလ် ၄ ဦး စုစုပေါင်း ၃၆ ပါးကို နိုင်ငံတော်က သတ်မှတ်ထားသည့် ဘွဲ့တံဆိပ်ဂုဏ်အင်္ဂါ အရည်အချင်းများနဲ့ စိစစ်တိုက်ဆိုင်ပြီး ရွေးချယ်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိစစ်ရွေးချယ်ရေးအဖွဲ့အနေဖြင့် ဗုဒ္ဓသာသနာတော်ကို မိမိတို့တတ်နိုင်သည့်ဘက်မှ အားပေးချီးမြှောက်ခြင်းလည်းဖြစ်သည့်အတွက် သတ်မှတ်ဂုဏ်အင်္ဂါ အရည်အချင်းနှင့်ကိုက်ညီသည့် သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ်များကို စိစစ်ရွေးချယ်ပေးကြရန် နှိုးဆော် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် စိစစ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်သာသနာရေးမှူးက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်လက်ချီးမြှင့်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့တံဆိပ်တော် အဆိုပြုလွှာများကို စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)