သုံးခွ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်ထိုက်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/သူလေးများအား စာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာကျက်မှတ်ရာတွင် အထောက်အကူပြုစေရန်၊ မှတ်ဉာဏ်စွမ်းရည် တိုးတက်မြင့်မားလာစေရန်အတွက် သုတ/ရသ စာပေများကို ဖတ်ရှုစေလိုကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးမှုတားဆီးကာ ကွယ်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ ၈၈ ဦးတို့က စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ရပ်ကွက်နှင့်ကျေးရွာ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
စည်သူလင်း(ပြန်/ဆက်)