တိုက်ကြီးမြို့နယ်၊ မေတ္တာအေးကျေးရွာအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျေးရွာမြေငှားဂရန် (၁၇) ခု ထုတ်ပေး

တိုက်ကြီး   ဇူလိုင်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပေးခဲ့သော ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာ အောင်မြင့်မိုရ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန်များကို တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် မေတ္တာအေးကျေးရွာ၌ ကျေးရွာမြေငှားဂရန် ၂၂၀ ခု ထုတ်ပေးရန် လျာထားခဲ့မှုအနက် သတ်မှတ်လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီသည့် မြေငှားဂရန် ၁၇ ခုအား ထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် မြေငှားဂရန်များကို စီမံချက်ကာလအတွင်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)