တွံတေး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီးစာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့ အ.ထ.က(အလယ်စု)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (အလယ်စု) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ဟန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဋ္ဌေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းစေရန်၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ စာရိတ္တကောင်းမွန်သောသူများဖြစ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြိုးစားရှာဖွေမှတ်သားကြရန် ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူကုန်ကူးမှု၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များအား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)