ငါန်းဇွန်မြို့၌ ယူရီးယားဓာတ်မြေဩဇာ စုပေါင်းရောင်းချခြင်းနှင့် တောင်သူပညာပေးသင်တန်းအခမ်းအနားကျင်းပ

ငါန်းဇွန် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံစိုက်ပျိုးထားသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ သွင်းအားစုများ ဖြန်ဖြူးရောင်းချခြင်းနှင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေး တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းက သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ယူရီးယားဓာတ်မြေဩဇာများအား အကျိုးရှိစွာ အသုံးပြုကြရန်၊ လမ်းဘေးဝဲ/ယာ ဒုံမြေများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို စိုက်ပျိုးကြရန်နှင့် မျိုးစေ့ လိုအပ်ချက်နှင့် စိုက်ပျိုးနည်း စနစ်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေမျိုးထက်က ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူး ရောင်းရခြင်းအား ရှင်းလင်းဆွေးနွေးရာ ယခုခွဲတမ်းရရှိသော ဓာတ်မြေဩဇာများအား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချမှုတွင် မိုးသီးနှံများ(မိုးစပါး)အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုကိုအလေးထား၍ သီးနှံအထွက်တိုးရေး လိုက်နာဆောင်ရွက်စေလိုကြောင်းနှင့် သီးနှံမျိုးစေ့များ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ လိုအပ်မှုကိုလည်း ရာသီအမီ စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဝန်ထမ်းများမှတဆင့် ရရှိအောင်ဆောင်ရွက်ပေးရန် အသိပေး ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေး တောင်သူပညာပေးခြင်းနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မြေအသုံးချရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းလွင်က မိုးစပါးတွင် ဓာတ်မြေဩဇာ သုံးစွဲရာ၌ သဘာဝမြေဩဇာနှင့် ရောစပ်သုံးစွဲရေးနှင့် အပင်မှ လိုအပ်သည့် အကြောင်းအရင်းပုံစံများအား ဆွေးနွေးပညာပေးခဲ့ပြီးအခမ်းအနားသို့ တက်ရောက်လာသော တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)