ခရမ်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်ဝင်းညွှန့် ရေးသားသည့် "အောင်မြင်ရေးအတွေးအခေါ် ၅၀” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့လယ် (၃) နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Book Club အဖွဲ့ဝင် ဒေါ်ကျော့ကေခိုင်က စာရေးဆရာ ချစ်ဝင်းညွှန့် ရေးသားသည့် “အောင်မြင်ရေးအတွေးအခေါ် ၅၀” စာအုပ်တွင် လူတိုင်း၏ရင်တွင်းမှာ ဖြစ်ပေါ်လာသော နက်ရှိုင်းသည့် ရင်တွင်းဆန္ဒသည် အလွန်စွမ်းအားကြီးမားလှကြောင်း၊ မိမိတို့၏ဘ၀အောင်မြင်ရေးအတွက် အသိဉာဏ်ပညာကြွယ်ဝခြင်းသည် အရေးကြီးလှပါကြောင်းနှင့် အလုပ်လုပ်ကိုင်ရာတွင် တိကျသေချာပြီး သွက်လက်ဖျတ်လတ်စွာ လုပ်ဆောင်သင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မချစ်ချစ်က လူအများနှင့် ပြောဆိုဆက်ဆံရာတွင် စကားကိုအလွန်အကျွံပြောခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ စကားကိုစဥ်းစားချင့်ချိန်ပြောဆိုတတ်သူသည် ဘဝအတွေးအခေါ်ပုံရိပ်များ ပြည့်၀စေနိုင်မည်ဖြစ်ပါကြောင်းနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မှသာလျှင် အောင်မြင်သောသူတစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်နှင်းဝေ (ပြန်/ဆက်)