ဒလ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မိုးစပါးစံပြကွက် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် Rice Export Zone တွင်ပါဝင်သောတောင်သူများအား Rice Exporter ကုမ္ပဏီ များမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရဲချောင်းဝကျေးရွာအုပ်စု၊ ရဲချောင်းဝကျေးရွာ၊ ကွင်းအမှတ်(၁၉၆-ခ)၊ဦးပိုင်အမှတ် (၁/၁၊၁/၂၊၁/၃)၊ ဧရိယာ(၅)ဧက၊ တောင်သူ ဦးဝင်းမြင့်ပါ (၃)ဦး၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသ ကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် Rice Exporter (MAPCO)ကုမ္ပဏီ မှ Executive Directorတို့မှ တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် Rice Export Zone တွင် ပါဝင်သွားသော တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး တောင်သူဦးဝင်းမြင့် အပါအဝင် (၃)ဦး၏ သရုပ်ပြပွဲ စံပြလယ်မြေတွင် (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ပြီး ငွေနှင်းမှိုစိုက်ပျိုးထားမှုနှင့် ကော်ဖီပင်ပျိုးထောင်ထားရှိမှုအခြေ အနေများအား ကြည်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့သည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)