ခရမ်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးဓာတ်ကြွင်းအာ နိသင်လျော့ချရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကြာကန်ကျေးရွာ၌ တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ ခရမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမိုးခိုင်က သီးနှံများ ဓာတ်ကြွင်းအာနိသင်လျော့ချရေးနည်းလမ်းများ၊ ပိုးသတ်ဆေးဥပဒေနှင့် ဆေးဖျန်းစနစ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တာဝန်ခံ ဦးထွန်းထွန်းလှမှ ရွှေခရု၊ လှေးပိုး၊ စပါးဂုတ်ကျိုးရောဂါများအကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်မြေအသုံးချရေးတာဝန်ခံမှ ဘိုင်အိုချာ၏ အကျိုးကျေးဇူးများအား ပြောကြားပြီး လက်တွေ့ပြသဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရမ်းမြို့နယ်ရှိ ကြာကန်ကျေးရွာနှင့် ဘုရားပျိုကျေးရွာမှ အုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ တာဝန်ရှိသူများ စုစုပေါင်း (၉၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်နှင်းဝေ (ပြန်/ဆက်)