ကျိုင်းလပ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်း မိသားစု အိမ်ယာများတွင် မှိုစိုက်ပျိုးနည်းအား လက်တွေ့ သရုပ်ပြသ

ကျိုင်းလပ်      ဇန်နဝါရီ     ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဝန်ထမ်းအိမ်ယာ၌ ကောက်ရိုးမှို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ မီးဖိုချောင်စရိတ် သက်သာစေရန်နှင့် စီးပွားဖြစ် စိုက်ပျိုးလိုသူများကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမှို ပျိုးထောင်စိုက်ပျိုးနည်းအား လက်တွေ့သရုပ် ပြသခဲ့သည်။

ရှေးဦးစွာ ကျိုင်းလပ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က ကောက်ရိုးမှို စိုက်ပျိုးရာတွင် ပထမဦးစွာ စိုက်ပျိုးမည့် မြေနေရာအား ၃ ပေ၊ ၁၀ ပေ ဘောင်အတွက် အနက် ၄ လက်မ မြေတူးထုတ်၍ ရေလောင်းပေးရပါမည်။ ၎င်းမြေနေရာတွင် ခြ၊ ပုရွတ်ဆိတ်များရှိပါက ထုံးဖြူးကာ နွားချေး ၃ တင်းကို အောက်ခံခင်းပေးပြီး နာရီဝက်ခန့် ရေစိမ်ထားသော ကတ်ထူ စက္ကူဖြင့် ခင်းထားသော နွားချေးပေါ်တွင် ဖြန့်ကျဲကာ မှိုမျိုးထုပ် ၅ ထုပ်ကိုချေမွ၍ ကတ်ထူစက္ကူ ပေါ်တွင် ကြဲပေးရပါမည်။

ထို့နောက် ကျဲထားသော မှိုမျိုးများအပေါ်က နွားချေးထပ်ခင်းပေးပြီး ရေလောင်းကာ ပလပ် စတစ် (မိုးကာ)ဖြင့် လေလုံအောင် ဖုံးအုပ်ပြီး မှိုဘောင်အား အရိပ်ရစေရန် ကတ်ထူစက္ကူဖြင့် ပလပ် စတစ်အပေါ်မှ ထပ်မံအုပ်ပေး ရပါမည်။ ထိုသို့ စိုက်ပျိုးပြီး ၁၄ ရက်ခန့် (နှစ်ပတ်)ခန့် အကြာတွင် မှိုများကို စတင်ခူးနိုင်ပြီး အနည်းဆုံး ၃ ကြိမ်ထိ ခူးနိုင်ကြောင်း လက်တွေ့သရုပ်ပြသ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကောက်ရိုးမှိုသည် လူတိုင်းကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်သည့်အပြင် နေရာကျဉ်းကျဉ်း ရင်းနှီးမှုအနည်းအကျဉ်းနှင့် မှိုမျိုးရှိပါက ရက်ပိုင်းအတွင်း စိုက်ပျိုးထွက်ရှိလာမည့် ဈေးကောင်းရရှိစေသော သီးနှံမျိုးဖြစ်ကြောင်း၊ ကျေးရွာများတွင်လည်း အမျိုးသမီးများ၏ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး မိသားစု အပိုဝင်ငွေလည်းရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)