မန္တလေး ဇူလိုင် ၁၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးဌာနက နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်ကာလအဖြစ် သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ဇူလိုင် ၁၀ရက် နံနက်ပိုင်းက နန်းတော်ရှေ့၊ ဒေါနဘွားရပ်ကွက်ရှိ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းနှင့် ဥပုသ်တော်ရပ်ကွက်ရှိ လူငယ်သင်တန်းကျောင်းတို့တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဝင်းထွန်းက သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးမင်းမင်းသန့် က တရားမဝင်သစ် လျော့နည်းပပျောက်ရေး၊ တောင်ယာများ ခုတ်ထွင်မီးရှို့မှုမပြုရေး ခေါင်းစဉ်များဖြင့် လည်းကောင်း၊ တောအုပ် ဦးကျော်ဆန်းဝင်းက ရေချွေတာသုံးစွဲရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ ခေါင်းစဉ်များဖြင့်လည်းကောင်း အသိပညာပေးဟောပြောပို့ချရာ ဟောပြောပွဲများသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း ၂၃၉ ဦး တက်ရောက်ကြသည်။
ထို့နောက် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသူ/ကျောင်းသားများ ပူးပေါင်း၍ ကျောင်းဝန်းအတွင်း၌ ကံ့ကော်၊ ခရေ၊ မယ်ဇယ်၊ တပေဘူတ စသည့် ၅၃ ပင်ကို စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။
အလားတူ ယမန်နေ့ကလည်း ဘုန်းတော်တိုး ရပ်ကွက်ရှိ အ.ထ.က (ခွဲ) ၁၇ ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး ကျောင်းဝန်းအတွင်း ခရေ၊ တမာ၊ မယ်ဇယ်၊ တပေဘူတ၊ တရုတ်တယ်၊ ပိတောက်၊ ယင်းမာ စသည့် သစ်မျိုး ခုနစ်မျိုး၊ အပင် ၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
MMT