တောင်သာ ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်သာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သူရမှ အထက် ဌာနအဆင့်ဆင့်၏ လမ်းညွှန်ချက်များ၊ ရက်(၁၀၀)ကာလအစီအမံလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးငွေစိုးလှိုင်က လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ လွှတ်တော်တက်စဉ် တောင်သာမြို့နယ်အတွက် တင်ပြခဲ့သည့် မေးခွန်းများ၊ လွှတ်တော်ကိုယ်စားလှယ်ထံသို့ တိုက်ရိုက်တင်ပြနိုင်မည့်အခြေအနေ၊ ပြည်သူ့အကျိုးစီးပွားအတွက် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ပြည်သူများ၏အခက်အခဲများ တင်ပြချက်များအပေါ် ဥပဒေလုပ်ထုံလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရန် မြို့နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း၍ ထိရောက်စွာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများမှ သိရှိလိုသည်များမေးမြန်းရာ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးငွေစိုးလှိုင်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးငွေစိုးလှိုင်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)