ရန်ကုန် ဇူလိုင် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်တို့မှ ဦးစီးမှူးများနှင့် တွေ့ဆုံသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်တို့မှ ဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက် မှာကြားပြီး လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ မှာကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာနှင့် မော်ကွန်းရုပ်ရှင်ရုံးတိုတွင် ဖွင့်လှစ်လျက်ရှိသော မြန်မာ့ရုပ်ရှင် သရုပ်ဆောင်မြှင့်တင်ရေးသင်တန်းနှင့် ရုပ်ရှင်ဓာတ်ပုံသင်တန်းတို့အား ဝင်ရောက် ကြည့်ရှုပြီး သင်တန်း နည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံအားပေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
အောင်မြင့်(ပြန်/ဆက်)