ကျောက်ဆည်မြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး၊ စစ်ဆေးကုသ

ကျောက်ဆည် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးအသိပညပေးဟောပြောခြင်း၊ စစ်ဆေးကုသခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမက(၁၅)နှင့် အမက(၁၆) ကျောင်းများသို့ သွားရောက်၍  ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်မော်(ကျန်းမာပညာ)က တစ်ကိုယ်ရေကျန်းမာရေးအတွက် ခြေသည်းလက်သည်းများအရှည်မထားရန်၊ အစာမစားမီ  လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးရန်၊ သန့်ရှင်းစွာနေထိုင်စားသောက်ရန်၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် ခြင်များမကိုက်အောင်နေထိုင်ရန်၊ အသိပညာပေးဟောပြောခဲ့ပြီး စင်ကြယ်စွာလက်ဆေးတတ်စေရန် လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်မော်နှင့်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ခြေသည်းလက်သည်းများစစ်ဆေးခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်း၊ မျက်စိဝေဒနာရောဂါ၊ လည်ပင်းကြီးရောဂါစသည့် ကျန်းမာရေး စစ်ဆေးခြင်းများနှင့် ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)