ပြင်ဦးလွင် ဇူလိုင် ၉
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသက်လွင်ထူးက စားသုံးရန်မသင့်သည့် အစားအစာများနှင့် အချိုရည်များအကြောင်း၊ စားသုံးသူရေးရာဥပဒေများအကြောင်း အစရှိသည်တို့ကို ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမိလေးက “ခေတ်သစ် လူငယ်”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီးနောက် ကျောင်းသားကျောင်းသူခုနစ်ဦးမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။
ထို့နောက် စိတ်ပါ၀င်စားစွာမေးမြန်းခဲ့သော ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသပေးသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)