တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဘုရင့်နောင်ကွက်သစ်တွင် 200 KVA ထရန်စဖော်မာ ဖွင့်ပွဲကျင်းပ

တွံတေး ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ တွံတေးမြို့နယ်လျှပ်စစ်မန်နေဂျာရုံး ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ခလရ(၇၀) တပ်လမ်းနှင့် ဘုရင့်နောင်တိုးချဲ့ကွက်သစ် 11-6.6/0.4KV 200KVA ထရန်စဖော်မာ H.Tလိုင်းပေ (၅၂၀) တည်ဆောက်ပြီး ဓာတ်အားလွှတ်ခြင်း အခမ်းအနားကို ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက အဆိုပါနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါက်တာမျိုးသော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ အမှုဆောင်အရာရှိချုပ် ဦးကျော်သူ၊ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများ ​တက်ရောက်ကြသည်။

ယင်းနောက် ဖဲကြိုးဖြတ်ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်ဖြင့် ခလရ၇၀တပ်လမ်းနှင့် ဘုရင့်နောင်တိုးချဲ့ကွက်သစ်လမ်းထောင့် 200 KVA ထရန်စဖော်မာကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်၊  စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာမျိုးသော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေရှင်း၊ အမှုဆောင်အရာရှိချုပ်  ဦးကျော်သူနှင့် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ခလရ(၇၀)တပ်လမ်းနှင့်ဘုရင့်နောင်ကွက်သစ် လမ်းထောင့်ရှိ 200 kVA ထရန်စဖော်မာ ဖွင့်လှစ်ခြင်းအထိမ်းးအမှတ် ဆိုင်းဘုတ်အား ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်၊စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်မှ ဂုဏ်ပြုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မိဘပြည်သူတွေအနေနဲ့ အမှန်တကယ်လိုအပ်တဲ့ ဒေသဖွံဖြိုးရေးအတွက် အဓိကအခြေခံအဆောက်အအုံဖြစ်တဲ့ 200kVA ထရန်စဖော်မာနဲ့ 6.6kV လိုင်း ပေ(၅၅၀) ၄၀၀ဗို့ လိုင်းပေ(၂၂၀)အသစ် တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီးလို့ ယနေ့မှာစတင်ဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်ပြီး ယခု ခလရ(၇၀) တပ်လမ်းမှာ တည်ဆောက်ပြီးစီးသွားတဲ့ 200kVA ထရန်စဖော်မာအသစ်ဟာ ဘုရင့်နောင်ကွက်သစ်နှင့် ညောင်တံခါးကျေးရွာအတွင်းရှိ မီးသုံးစွဲသူ မိဘပြည်သူပေါင်း(၉၈၄)ဦးအတွက် တိုက်ရိုက်အကျိုးပြုသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိခြင်းဟာ မိဘပြည်သူတွေရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံအကျဆုံး ဖြစ်ပြီး မူလက ဘုရင့်နောင်ကွက်သစ်နှင့် ညောင်တံခါးကျေးရွာမှာ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာစုစုပေါင်း(၂)လုံးရှိရာကနေ ယခုထပ်မံတည်ဆောက်တဲ့ ထရန်စဖော်မာအသစ်ကြောင့် ရပ်ကွက်အတွင်းလျှပ်စစ်ဓာတ်အား ဗို့အားပြည့်ဝစွာ စဉ်ဆက်မပြတ် ရရှိတော့မှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ယင်းနောက် ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား ဦးဝင်းထွဋ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး)